Apple App Store Google Play Store Google Play Store YouTube
Do You Have Misbehaving Students in Your Classroom? Do You Find it Challenging? Here Are Some Productive Discipline Approaches.

သင့်စာသင်ခန်းထဲမှာ မလျော်မကန်ပြုမူတဲ့ကျောင်းသားတွေ ရှိပါသလား။ အဲဒီကျောင်းသားတွေက စိန်ခေါ်မှုဖြစ်စေတယ်လို့ ထင်ပါသလား။ ဒီအတွက် ထိရောက်မှုရှိတဲ့ ထိန်းသိမ်းကြပ်မတ်ပေးခြင်းဆိုင်ရာ ချဉ်းကပ်နည်းတချို့ကို မျှဝေပေးပါရစေ။

စာသင်ကျောင်းတစ်ခုကို ရုပ်ပိုင်းဆိုင်ရာလုံခြုံစေဖို့ဆိုရင် ကျွန်ုပ်တို့က စာသင်ခန်းတစ်ဝိုက်ကို နံရံတွေနဲ့ ကာရံပြီး တံခါးတွေကို သော့ခတ်ထားတာထက် ပိုများတဲ့အရာတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီအရာတွေက လူဆိုးတွေကိုတားဆီးပေးပေမဲ့ ကျွန်ုပ်တို့အနေနဲ့ စာသင်ကျောင်းထဲကလူတွေက အချင်းချင်းမထိခိုက်စေဖို့လည်း သေချာအောင် လုပ်ရပါမယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို ထိခိုက်အောင် လုံးဝမလုပ်ရပါဘူး။ အန္တရာယ်ဖြစ်စေပြီး ကျောင်းသားတွေရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနဲ့ ဘေးကင်းလုံခြုံမှုအပေါ် ကာလရှည်သက်ရောက်မှုတွေရှိတဲ့ ဆရာ၊ ဆရာမတချို့ ကျင့်သုံးနေတဲ့ အလေ့အကျင့်တစ်ခုအကြောင်း ပြောကြရအောင်။ ကျောင်းသားတွေကို ရိုက်နှက်တဲ့၊ တင်ပါးကို လက်ဝါးနဲ့ရိုက်ဆုံးမတဲ့ ရိုက်နှက်ပြစ်ဒဏ်ပေးခြင်း (corporal punishment) ဆိုတာက အပြုအမူကို ကိုင်တွယ်ထိန်းကျောင်းပေးဖို့ရာ ထိရောက်တဲ့နည်းလမ်းမဟုတ်တဲ့အပြင် ကလေးရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း (well-being) အပေါ်မှာ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေလည်း ရှိလာစေနိုင်ပါတယ်။ အဲဒီကနေ ကြောက်ရွံ့ခြင်း၊ ယုံကြည်မှုကင်းခြင်းနဲ့ ပညာရေးရည်မှန်းချက်တွေကို ထိရောက်မှုမရှိဖြစ်စေပြီး အပြင်းအထန် ဆန့်ကျင်တတ်တဲ့ သင်ယူမှုပတ်ဝန်းကျင်ကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ စာသင်ခန်းအတွင်းမှာ စည်းကမ်းသေဝပ်ခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး၊ ရုပ်ပိုင်းဆိုင်ရာပြစ်ဒဏ်ပေးခြင်းကို ကျင့်သုံးစရာမလိုဘဲ အပြုသဘောဆောင်တဲ့ အပြုအမူတွေကို အားပေးကူညီနိုင်တဲ့ တခြားသော ရွေးချယ်စရာနည်းလမ်းတွေ ရှိနေပါသေးတယ်။ အောက်မှာဖော်ပြထားတာကတော့ ဆရာ၊ ဆရာမတွေ စဉ်းစားဆင်ခြင်ကြည့်ဖို့ လက်တွေ့ကျတဲ့ ချဉ်းကပ်နည်းတချို့ပါ -

အပြုအမူကောင်းတွေကို ချီးကျူးခြင်းတွေ၊ လက်ဆောင်ပစ္စည်းအသေးစားတွေ ဒါမှမဟုတ် တခြားအားပေးမှုတွေနဲ့ အားတက်စေအောင် ဆုချီးမြှင့်ပေးပါ။

ထိရောက်မှုရှိသော ဆက်ဆံပြောဆိုမှု - ဆရာတွေနဲ့ ကျောင်းသားတွေ ကြားမှာ ပွင့်လင်းပြီး လေးစားမှုရှိတဲ့ ဆက်ဆံပြောဆိုမှုရှိဖို့က အရေးပါလှပါတယ်။ ကျောင်းသားတွေရဲ့စိုးရိမ်ပူပန်မှုတွေ၊ အတွေးတွေနဲ့ ခံစားချက်တွေကို နားထောင်ပေးတာက သူတို့ မလျော်ကန်တဲ့အပြုအမူတွေလုပ်ရတဲ့ အကြောင်းရင်းတွေကို နားလည်စေဖို့နဲ့ ဒီပြဿနာတွေကို အပြုသဘောဆောင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ - ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ရမလဲ၊ မတူကွဲပြားမှုတွေကို ဘယ်လိုဖြေရှင်းရမလဲ၊ ပြီးတော့ အချင်းချင်းမျှဝေစာနာတတ်မှုကို ဘယ်လို တိုးပွားအောင်လုပ်ရမလဲဆိုတာ သင့်ကျောင်းသားတွေကို သင်ပေးပါ။ ဒီဘဝတွက်တာကျွမ်းကျင်စရာတွေက သူတို့ရဲ့ဆက်ဆံရေးတွေနဲ့ ယေဘုယျအပြုအမူတွေကို တိုးတက်စေနိုင်ပါတယ်။ ကျောင်းသားအချင်းချင်းကြား တင်းမာမှုကြောင့်ဖြစ်လာတဲ့ မလျော်ကန်တဲ့အပြုအမူအများစုက ယုံကြည်မှုမရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမထားခြင်းတွေကို ထုတ်ဖော်ပြသတဲ့နည်းလမ်းတစ်ခုပါပဲ။ အားသစ်လောင်းပေးသော အလေ့အကျင့်များ - ကျောင်းသားတွေ အမှားလုပ်မိတဲ့အခါ သူတို့ရဲ့လုပ်ရပ်အတွက် တာဝန်ယူပြီး၊ အမှားကိုပြင်ဆင်တတ်ဖို့ အားပေးတိုက်တွန်းတဲ့ အလေ့အကျင့်ကောင်းတွေကို အကောင်အထည်ဖော်ကြည့်ပါ။ ဒီချဉ်းကပ်နည်းက မျှဝေစာနာတတ်မှုနဲ့ နားလည်လေးစားတတ်မှုတွေကို ကူညီတည်ဆောက်ပေးပါတယ်။ သင့်ရဲ့စာသင်ခန်းစည်းမျဉ်းတွေထဲမှာ ‘လုပ်ရပ်တိုင်းမှာ နောက်ဆက်တွဲအကျိုးဆက်ရှိတယ်’ ဆိုတာကို အသားပေးထားတဲ့ ဖော်ပြချက်တစ်ခု ပါဝင်ကြောင်းသေချာပါစေ။ ကျွန်ုပ်တို့အားလုံးက ကိုယ့်ရဲ့လုပ်ရပ်တွေအတွက် တာဝန်ရှိတယ်ဆိုတာကို ထပ်လောင်းပြောဆိုဖို့ မငြီးငွေ့ပါနဲ့။ ရှင်းလင်းပြတ်သားသော မျှော်မှန်းချက်များ - စာသင်ခန်းထဲမှာ ရှင်းလင်းပြတ်သားပြီး သမာသမတ်ကျတဲ့ တူညီသော စည်းမျဉ်းတွေနဲ့ မျှော်မှန်းချက်တွေချမှတ်ပါ၊ ကျောင်းသားတွေက အဲဒီစည်းမျဉ်းတွေနဲ့ မျှော်မှန်းချက်တွေကို နားလည်တာ သေချာပါစေ။ သူတို့ဆီက ဘာကိုမျှော်မှန်းထားတယ်ဆိုတာ လူတိုင်းက သိထားရင် အပြုသဘောဆောင်တဲ့ သင်ယူမှုဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဥပမာပြောရရင် သူတို့တွေက အမှိုက်ကို ကြမ်းပြင်ပေါ်မှာပစ်ချလိုက်ရင် သူတို့ကပဲ အခန်းကို ပြန်ပြီးသန့်ရှင်းရေးလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောထားပါ။ ခြွင်းချက်မထားဘဲ ပြတ်သားမှုရှိပါ။

Back To Top